မြန်မာအိမ်ခြံမြေ သတင်း

လယ်မြေကို အကွက်ရိုက်ပြီး လူနေမြေကွက်များအဖြစ် ရောင်းချနေသည့် ဖြစ်စဉ်များ တားမြစ်ရန်လိုအပ်


Myanmar real estate news လယ်ယာမြေများကို လူနေမြေကွက်များ အဖြစ် အကွက်ရိုက် ရောင်းချနေခြင်းသည် တရားဝင်မှုမရှိသည့်အတွက် ယင်းသို့ ရောင်းဝယ်ခြင်းများကို တားမြစ် ကြပ်မတ် ပေးရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း (ဗဟို) ဒုတိယဥက္ကဋ္ဌ ဦးသန်းဦးက မြန်မာတိုင်း(မ်) ကို ပြောသည်။

"လယ်မြေက လယ်အဖြစ်ပဲ ရောင်းလို့ ရတယ်။ ရောင်းချပေါင်နှံပေးကမ်းခွင့်တော့ ရှိပါတယ်။သို့သော်လည်း လယ်မြေမှာ လယ်ပဲ လုပ်ရမယ်၊ လယ်မြေကို အခြားနည်း အသုံးပြုခွင့်မရှိပါဘူး။ လယ်မြေကို အကွက် ရိုက်ရောင်းထားတဲ့ မြေကွက်ကို ဂရန် လျှောက်မယ်ဆိုရင် ဂရန်လျှောက်လို့ မရပါဘူး။ အစိုးရအနေနဲ့ အသေအချာ ကိုင်တွယ်မယ်ဆိုရင် တော်တော်ပြဿနာ ကြီးမယ်။ မကြောက်မရွံ့ လုပ်နေကြတယ်၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေမှာပါ တာဝန်ရှိတယ်"ဟု ၎င်းက ပြောသည်။

မြို့စွန်မြို့နယ်များတွင် အကွက်အကွင်း ကျသည့် လယ်ယာမြေများကို လယ်ယာမြေ လုပ်ကိုင်ခွင့် လက်မှတ်ပုံစံ(၇) ရယူထား သည့် လယ်သမားများက ပေ ၂၀ အကျယ် ပေ ၄၀ အရှည်ရှိသည့် မြေကွက်များ၊ ၁၅ ပေ အကျယ် အရှည်ပေ ၃၀ ရှိသည့် မြေကွက်များအဖြစ် အကွက်ရိုက်ကာ လယ်မြေများကို တစ်ကွက်လျှင် ကျပ် ၁၅ သိန်းမှ ကျပ်သိန်း ၅၀ အတွင်း တန်ဖိုးနည်း မြေကွက်များအဖြစ် လူမှုကွန်ရက်များမှ တစ်ဆင့် တရားဝင်မြေကွက်များသဖွယ် ရောင်းချလျက်ရှိသည်။

၂၀၁၂ လယ်ယာမြေဥပဒေ အခန်း ၄ လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိသူ လိုက်နာရ မည့် စည်းကမ်းချက်များအရ အပိုဒ် ၁၂ (ဆ) အရ လယ်ယာမြေကို ခွင့်ပြုချက်မရရှိဘဲ အခြားနည်းသုံးစွဲခြင်းမပြုရန် တားမြစ်ထား သည့်အပြင် အပိုဒ် ၁၄ အရ လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိထားသူသည် လယ်ယာမြေ လုပ်ပိုင်ခွင့်အားလုံးကိုဖြစ်စေ၊ တစ်စိတ် တစ်ပိုင်းကိုဖြစ်စေ နိုင်ငံတော်အစိုးရ၏ ခွင့်ပြုချက်မရရှိဘဲ မည်သည့် နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားသားပါဝင်သည့် အဖွဲ့ အစည်းများကိုမျှ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် ပေးကမ်းခြင်းမပြုရန် တားမြစ်ထားသည်။

သွားလာရေးလွယ်ကူ အဆင်ပြေနိုင်ပြီး အကွက်အကွင်းကျသည့် မြို့စွန်မြို့နယ်များတွင် လယ်ပိုင်ရှင်များက မိမိလုပ်ကိုင် ခွင့်ရရှိသည့် လယ်ယာမြေများအတွင်း၌ လူသွားလမ်းများ ဖော်ထုတ်ကာ လူနေမြေ ကွက်များအဖြစ် ရောင်းချမှုများ များပြား လျက်ရှိပြီး နိုင်ငံတော်ထံမှ လယ်ယာမြေ လုပ်ကိုင်ခွင့် ရရှိထားသည့် လက်မှတ်များ ကိုပါ မိတ္ထူများပေးကာ အရောင်းအဝယ် စာချုပ်များဖြင့် ရောင်းချလျက်ရှိသည်။

"ပေ ၂၀၊ ၄၂ ပေ အကျယ် မြေကွက်ကို ၂၀၁၅ နှစ်ဆန်းပိုင်းတုန်းက သိန်း ၂၀ နဲ့ ဝယ်ခဲ့တာပါ။ ဝယ်ရတဲ့တန်ဖိုးက အခုဆို နှစ်နှစ်ကျော်အထိ နေပြီးပြီဆိုတော့ အိမ် ငှားနေရတဲ့ စရိတ်နဲ့တွက်ရင် ကိုက်ပါတယ်။ ရှစ်ပေအကျယ်လမ်းလေးတော့ လယ်ပိုင် ရှင်က လုပ်ပေးထားပါတယ်။ ကျွန်တော်တို့ နေရာမှာတော့ အဲဒီလို အကွက်ပေါင်း ၅၀ ကျော်ရှိပြီး အခုဆို တစ်ကွက် သိန်း ၄၀ ကျော် ပေးရပါတယ်"ဟု သန်လျင်မြို့နယ် ဘုရားကုန်းကျေးရွာအနီးရှိ လယ်မြေများကို ဝယ်ယူနေထိုင်သူ ဦးမောင်ဦးက ပြောသည်။

လယ်ယာမြေဥပဒေပါ ပြဋ္ဌာန်းချက်များ အရ လယ်ယာမြေကို အခြားနည်းလမ်းများ အဖြစ် အသုံးပြုနိုင်ရန်အတွက် အပိုဒ် ၃၀(ခ) အရ တိုင်းဒေသကြီးနှင့် ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့၏ ထောက်ခံမှု ဖြင့်သာ ခွင့်ပြုနိုင်သည်။

"လယ်ပိုင်ရှင်တွေက အကွက်ရိုက်ပြီး မြေတွေ ရောင်းတုန်းကတော့ ဂရန်လျှောက်လို့ရအောင် လုပ်ပေးမယ်၊ ဘာလုပ်ပေးမယ်၊ ညာလုပ်ပေးမယ်ဆိုပြီး ရွှန်းရွန်းဝေအောင် ပြောရောင်းကြတယ်။ အခုထက်ထိတော့ လယ်မြေမှာ ဝယ်ထားတဲ့ လူတွေ ဂရန်ထွက် လာတယ်လို့ မကြားဖူးသေးဘူး။ အခုလည်း ရောင်းနေတာတွေ ရှိတယ်။ တကယ်ခံရတာ က ဝယ်ထားတဲ့သူတွေဖြစ်တယ်။ နိုင်ငံတော် ကလည်း ဥပဒေအရ သေသေချာချာကိုင်တွယ်ရင် ဝယ်သူတွေပဲ ဆုံးရှုံးနစ်နာမှာဖြစ် တယ်"ဟု ဒဂုံမြို့သစ်မြောက်ပိုင်း အေးရိပ်စံ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းပိုင်ရှင် ကိုဝင်းထိန်က ပြောသည်။

ဥပဒေပြဋ္ဌာန်းချက်များအရ လယ်ယာ မြေ လုပ်ပိုင်ခွင့် လက်မှတ်ရရှိထားသူများ အနေဖြင့် တားမြစ်ချက်များကို ဖောက်ဖျက် ကျုးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို အနည်းဆုံး တစ်နှစ်မှ အများဆုံး သုံးနှစ်အထိ ထောင်ဒဏ်ချမှတ် ရမည့်အပြင် ကျပ် ၁၀ သိန်းအောက် မနည်းသည့် ငွေဒဏ်ကိုလည်း ချမှတ်ရမည်။

ထို့ပြင် ပြစ်မှုနှင့်သက်ဆိုင်သည့် ငွေနှင့်ပစ္စည်းများကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ကြောင်း ၂၀၁၂ လယ်ယာမြေ ဥပဒေ အပိုဒ် ၃၇ တွင် ဖော်ပြထားသည်။




Quoted from mmtimes.