Myanmar real estate info for Yangon and other cities.

Myanmar Housing Myanmar-Housing    






မြန်မာ အိမ်ခြံမြေ အကျိုးဆောင် နှင့်ဆက်စပ်သော သတင်း

အဆောင်ရှာရ လွယ်ကူလာတဲ့ အွန်လိုင်းဝန်ဆောင်မှုစနစ်




ရန်ကုန်မြို့ရဲ့ နှစ်စဉ်တိုးတက်လာနေတဲ့ လူဦးရေတွေထဲမှာ တခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်ကနေ အလုပ်လာလုပ်သူတွေ၊ သင်တန်းလာတက်သူတွေက ရာခိုင်နှုန်း အများအပြားပါဝင်နေပါတယ်။ ရွှေ့ပြောင်းနေထိုင်သူအများစုဟာ အဆောင်တွေနဲ့ အိမ်ခန်းတွေကို အဓိကငှားရမ်းနေထိုင်ကြပါတယ်။

အဆောင်အများစုက လူတစ်ယောက်ကို ဖျာတစ်ချပ်စာနေရာခန့်သာပေးနိုင်ပြီး အဆောင်ခတွေကတော့ ငွေကျပ် ၂၀ဝ၀ဝ ဝန်းကျင်ကနေ ကျပ် ၄၀ဝ၀ဝ ခန့်အထိ ရှိပါတယ်။အခန်းဖွဲ့ပြီးငှားတဲ့ အဆောင်တွေလည်း ရှိပါတယ်။ ကျယ်ကျယ်ဝန်းဝန်းမရှိလှပေမဲ့ လူအများနဲ့ စုပေါင်းနေရတဲ့ အခန်းဖွင့်ပုံစံမဟုတ်ဘဲ နည်းနည်းသီးသန့်ဆန်တာကြောင့် ဈေးနှုန်းက ငွေကျပ် ၃၅ဝ၀ဝ ခွဲကနေ ၆၀ဝ၀ဝ ခန့်ထိရှိပါတယ်။

အခြေခံလုပ်ခလစာထက် အနည်းငယ်သာပိုရတဲ့ သာမန်အရောင်းဝန်ထမ်းတစ်ယောက်အတွက်တော့ သီးသန့်အခန်းငှားနေဖို့က အတော်လေးကို မလွယ်ကူလှပါဘူး။ နယ်ကပြောင်းရွှေ့လာသူတွေအဖို့ အတော်အတန်အဆင်ပြေတဲ့ အဆောင်ကိုရှာရတာ အရမ်းခက်ခဲပါတယ်။

"ရန်ကုန်လိုနေရာမှာ ကျောတစ်ခင်းစာရဖို့က တကယ်မလွယ်ဘူး။ အဆောင်ရှာရင် ကိုယ်တိုင်မရှာနိုင်လို့ ပွဲစားနဲ့ရှာခိုင်းရင် ပွဲခပေးရတယ်၊ အသိလည်းအများကြီးမရှိတော့ အွန်လိုင်းက သေချာစနစ်တကျရှာလို့ရတဲ့နေရာရှိရင် ပိုအဆင်ပြေတာပေါ့"လို့ မွန်ပြည်နယ်က ပြောင်းရွှေ့လာပြီး ဗိုလ်တထောင်မြို့နယ်မှာ အဆောင်ငှားရမ်းနေထိုင်သူ မယမင်းခင်က ပြောပါတယ်။

အဆောင်ရှာဖွေငှားရမ်းတဲ့ Facebook Group awG Page တွေကနေ ကြေညာထားတဲ့အနေအထားနဲ့ တကယ့်လက်တွေ့အခြေအနေက တစ်ခါတလေမှာ ကွာခြားမှုတွေရှိပါတယ်။ ဓာတ်ပုံထဲမှာ အခန်းကျယ်ကို ရိုက်ပြထားပြီး တကယ်သွားကြည့်တဲ့အခါ ခုတင်တစ်လုံးစာထက် ပိုမဆံ့တဲ့အခန်းတွေ၊ မှောင်မိုက်ပြီး ကျပ်တည်းလှတဲ့အခန်းတွေ၊စည်းကမ်းမဲ့နေထိုင်ကြသူတွေကြောင့် နေချင်စရာမကောင်းတဲ့ ပတ်ဝန်းကျင်တွေကို မကြာခဏ တွေ့ကြုံနေကြရပါတယ်။

"ဖေ့စ်ဘွတ်ခ်မှာရှာရတာက နည်းနည်းတော့ စနစ်မကျဘူး။ ဝက်ဘ်ဆိုက် ဒါမှမဟုတ် အက်ပလီကေးရှင်းတွေကနေတစ်ဆင့် ရှာရတာက ရိုးရှင်းတယ်၊ မြန်တယ်"လို့ ဆိပ်ကမ်း သာလမ်း အောက်ဘလောက်မှာ အဆောင်နေထိုင်သူ ကိုသန်းမျိုးအောင်က ပြောပါတယ်။

အဆောင်ရှာဖွေလို့ရတဲ့ သီးခြားကဏ္ဍအပါအဝင် အိမ်ခြံမြေရောင်းဝယ်ငှားလိုသူများစုံစမ်းလို့ရတဲ့ အက်ပလီကေးရှင်းတစ်ခုဖြစ်တဲ့ 'Best Property' အက်ပလီကေးရှင်းနဲ့ အိမ်ရှာခဲ့ဖူးပေမဲ့ အက်ပလီကေးရှင်းက အပ်ဒိတ်မဖြစ်တာကြောင့် တကယ်တမ်း သွားကြည့်တဲ့အခါမှာ လူပြည့်နေလို့ အဆင်မပြေတာမျိုးတော့ ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။

"အက်ပလီကေးရှင်းကနေ ရှာလို့လွယ်ပေမဲ့Update ဖြစ်မနေဘူး၊ အခန်းလွတ်တယ်လို့ ပြောထားပေမဲ့ သွားကြည့်ရင် ပြည့်နေတာများတယ်"လို့ ကိုသန်းမျိုးအောင်က ပြောပါတယ်။

Best Property အက်ပလီကေးရှင်းနည်းတူ အဆောင်ရှာလို့ရတဲ့ သီးသန့်ကဏ္ဍတစ်ခုကိုiMyanmarHouse.com က ယခုလအစောပိုင်းမှာ ၎င်းတို့ရဲ့ဝက်ဘ်ဆိုက်ထဲမှာ ကဏ္ဍသစ်တစ်ခုအဖြစ် စတင်လာခဲ့ပါတယ်။

အိမ်ခြံမြေဈေးကွက်ထဲမှာ အဆောင်ငှားချင်လို့ ဆက်သွယ်မေးမြန်းတာတွေ များလာတာကြောင့် ဈေးကွက်ရဲ့လိုအပ်ချက်အရ အိမ်ခြံမြေ ရောင်း၊ ဝယ်၊ ငှားဝက်ဘ်ဆိုက်ထဲမှာ အဆောင်ရှာဖွေလို့ရတဲ့ သီးသန့်ကဏ္ဍကို စတင်လုပ်ဆောင်ဖြစ်ခဲ့တယ်လို့ House.com ရဲ့ မန်နေးဂျင်းဒါရိုက်တာ ဦးနေမင်းသူက ပြောပါတယ်။

"ပြောင်းရွှေ့အခြေချနေထိုင်သူတွေရဲ့ ၆၀ ရာခိုင်နှုန်းခန့်ဟာ အဆောင်နေသူတွေဖြစ်ပြီး အိမ်ခြံမြေအငှားဈေးကွက် လည်ပတ်မှုစုစုပေါင်းရဲ့ ၃၀ ရာခိုင်နှုန်းဟာ အဆောင်အငှား ကဏ္ဍဖြစ်တယ်"လို့ ဦးနေမင်းသူက ဆိုပါတယ်။

iMyanmarHouse.com ဝက်ဘ်ဆိုက်အရ အဆောင်ရှာဖွေလို့ရတဲ့ သီးသန့်ကဏ္ဍစတင်တဲ့ သြဂုတ် ၆ ရက်ကနေ သြဂုတ် ၂၇ ရက်ထိ ရက်သတ္တနှစ်ပတ်ကျော်ကာလအတွင်းလာရောက်ကြေညာသူ အဆောင်ပိုင်ရှင်ပေါင်း ၃၀ဝ ကျော်ခန့်ရှိနေပြီး အဆောင်ငှားဖို့ လာရောက်စုံစမ်းသူပေါင်း ၄၀ဝ၀ဝ နီးပါးရှိပြီဖြစ်တယ်လို့ ဦးနေမင်းသူက ပြောပါတယ်။

ဒါကိုကြည့်ခြင်းအားဖြင့် ရန်ကုန်မြို့ရဲ့ အဆောင်နေလူဦးရေအချိုးအစားနဲ့ အဆောင်လိုအပ်ချက်ကို တွေ့မြင်နိုင်ပါတယ်။ အဆောင်နေသူတွေအနေနဲ့ အလုပ်နဲ့နီးတဲ့နေရာ၊လမ်းပန်းဆက်သွယ်ရေး လွယ်ကူအဆင်ပြေတဲ့နေရာနဲ့ မြို့ရဲ့အချက်အချာကျတဲ့ နေရာတွေကို အများစုရွေးချယ်နေထိုင်လေ့ရှိကြပါတယ်။

"အရင်က အဒေါ်အိမ်မှာနေပေမဲ့ သွားရတာဝေးတာနဲ့ လက်ရှိနေတဲ့အဆောင်ကိုရဖို့အချိန်တစ်လလောက်ပေးပြီး ရှာခဲ့ရတယ်။ ပထမနေတဲ့အဆောင်က ရေ၊ မီး အဆင်မပြေတာကြောင့် နှစ်လလောက်နေပြီး ထပ်ပြောင်းရတယ်။ အခုလို အဆောင်ရှာလို့ရတဲ့ အက်ပလီကေးရှင်းတွေ ရှိမှန်းလည်းမသိတော့ အဆောင်ရှာရတာ တော်တော်ခက်ခဲတာပေါ့။ အခုတော့ အရင်ကထက် ပိုအဆင်ပြေလာမယ်ထင်တယ်"လို့ မယမင်းခင်က ဆိုပါတယ်။

အဆောင်ငှားဖို့ အဆောင်ငါးခုလောက်ကို သွားကြည့်ခဲ့ရပြီး နှစ်လခန့်ကြာမှနေထိုင်ဖို့ အသင့်အတင့်အဆင်ပြေတဲ့ အဆောင်ကို ရရှိခဲ့တယ်လို့ ဧရာဝတီတိုင်းဒေသကြီးမှ ပြောင်းရွှေ့လာသူ မချစ်သက်ဝေက ပြောပါတယ်။

"အခုလို app တွေကနေတစ်ဆင့် လွယ်လွယ်ကူကူရှာလို့ရလာတော့ နယ်ကလာတဲ့သူတွေအတွက် ပိုအဆင်ပြေတာပေါ့။ ရွေးချယ်စရာလည်း ပိုများလာတယ်"လို့ သူကဆိုပါတယ်။

အဆောင်ငှားရမ်းခြင်း ဝန်ဆောင်မှုကဏ္ဍမှာ ငှားရမ်းသူများ ပိုမိုလုံခြုံစိတ်ချမှုရှိစေဖို့ အဆောင်တစ်ခုမှာရှိသင့်တဲ့ စည်းမျဉ်းစည်းကမ်း၊ ဥပဒေနဲ့အညီ လိုင်စင်ရယူထားခြင်းရှိမရှိနဲ့ နေထိုင်ရန် သင့်တော်ကောင်းမွန်တဲ့ အဆောင်ဖြစ်မဖြစ်တို့ကို စစ်ဆေးပြီး ကြော်ငြာပေးသွားမှာဖြစ်တယ်လို့ ဦးနေမင်းသူက ပြောပါတယ်။

"စိစစ်ပြီးသွားရင်တော့ ဒီအဆောင်က ယုံကြည်စိတ်ချလို့ရတယ်၊ တရားဝင်လိုင်စင် ရှိတယ်ဆိုတဲ့အကြောင်း ကြေညာပေးသွားမယ်၊ အဲဒီအခါကျရင်တော့ လာရောက်ကြော်ငြာသူတွေဆီကနေ ဝန်ဆောင်ခတွေ ကောက်ယူသွားမှာ ဖြစ်ပါတယ်"လို့ ၎င်းကပြောပါတယ်။

ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ မြို့နယ်တွေအတွက် အဓိကထား လုပ်ဆောင်နေတာဖြစ်ပြီး တခြားပြည်နယ်နဲ့ တိုင်းတွေက ဝင်ရောက်ကြေညာသူတွေလည်း ရှိပါတယ်။

အွန်လိုင်းဝက်ဘ်ဆိုက်မှာ ကြေညာတဲ့အခါ အဆောင်ရှာဖွေသူတွေအတွက် တစ်နေရာတည်းမှာ မိမိစိတ်ကြိုက် အဆောင်ကိုကြည့်ရှုနိုင်ပြီး ကြိုက်နှစ်သက်တဲ့ အဆောင်တွေ့ရင် ပိုင်ရှင်နဲ့ တိုက်ရိုက်ဆက်သွယ် နိုင်ဖို့ ဖုန်းနံပါတ်နဲ့ လိပ်စာတွေကိုပါ ထည့်သွင်းဖော်ပြပေးထားပါတယ်။

ဒီဝက်ဘ်ဆိုက်ထဲမှာ အဆောင်ရှာချင်တယ်ဆိုရင်တော့ မိမိနေထိုင်လိုတဲ့ မြို့နယ်နဲ့ အမျိုးသမီး/အမျိုးသား အဆောင်ကို ရိုက်နှိပ်ပြီးအလွယ်တကူ ရှာဖွေနိုင်မှာဖြစ်ပါတယ်။ အဆောင်တည်နေရာ၊ ဓာတ်ပုံများ၊ အခန်းအကျယ်အဝန်း၊ ဆက်သွယ်ရန်လိပ်စာများနဲ့ ဈေးနှုန်းများကိုပါ တစ်ပါတည်း ကြေညာပေးထားတာကြောင့် ငှားရမ်းသူတွေအနေနဲ့ ပိုမိုအဆင်ပြေလွယ်ကူစေမှာဖြစ်ပါတယ်။

နောက်ထပ် အဆင်ပြေစေတဲ့အချက်တစ်ခုကတော့ ရန်ကုန်မြို့ကိုစရောက်ပြီး အသိမိတ်ဆွေ မများသေးတဲ့ အဆောင်ရှာဖွေနေထိုင် လိုသူတွေအတွက် ဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့ လမ်းမတော်မြို့နယ်၊ လသာမြို့နယ်၊ ကျောက်တံတားမြို့နယ်၊ လှည်းတန်းနဲ့ မြေနီကုန်းတစ်ဝိုက်မှာ အဆောင်အရေအတွက် ထူထပ်ပြီး နေထိုင်လိုသူ များပါတယ်။

အခုဆိုရင်တော့ အိမ်ခြံမြေဝန်ဆောင်မှုကုမ္ပဏီကနေတစ်ဆင့် လွယ်ကူစွာရှာဖွေနိုင်ပြီး လုံခြုံစိတ်ချရမှု ရှိမရှိကိုလည်း စိစစ်နိုင်မှာ ဖြစ်ပါတယ်။ အဆောင်နေရင်းကတစ်ဆင့် သူငယ်ချင်းတွေနဲ့စုပေါင်းပြီး တိုက်ခန်းငှားနေချင်သူတွေအတွက်လည်း အဆိုပါဝက်ဘ်ဆိုက်ထဲမှာပဲ အလွယ်တကူ ရှာဖွေစုံစမ်းနိုင်မှာပဲ ဖြစ်ပါတယ်။

အဆောင်ရှာလို့ရတဲ့ အက်ပလီကေးရှင်းတွေ ထွက်ပေါ်လာပေမဲ့ အဆောင်လိုအပ်သူတွေအတွက် အမှန်တကယ် အသုံးဝင်ရဲ့လားဆိုတာကတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။



Ref: Myanmar Times News