Myanmar real estate info for Yangon and other cities.

Myanmar Housing Myanmar-Housing    






မြန်မာ အိမ်ခြံမြေ အကျိုးဆောင် နှင့်ဆက်စပ်သော သတင်း

ဇေကမ္ဘာ စီမံကိန်းမြေ နေရာတွင် အခြားလုပ်ငန်း ခွင့်ပြုရန် အစီအစဉ်မရှိသေး



မြရိပ်ညိုဟိုတယ်ဝင်းအတွင်း ဇေကမ္ဘာကုမ္ပဏီက တည်ဆောက်အကောင်အထည်ဖော် နေတဲ့Yangon New World စီမံကိန်းကို မြေငှားရမ်းစာချုပ်ပါ စည်းကမ်းများဖောက်ဖျက် မှုကြောင့် မြေငှားရမ်းမှု ရုပ်သိမ်းလိုက်ကြောင်း တပ်မြို့ စည်ပင်သာယာရေးအဖွဲ့မှ ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းက ထုတ်ပြန်ကြောညာလိုက်ပါတယ်။

တပ်မတော်ပိုင်မြေဖြစ်တဲ့ အဆိုပါမြေပေါ်မှာ BOT (Build-Operate-Transfer)စနစ်နဲ့ စီမံကိန်းတွေ ဆောင်ရွက်နိုင်ဖို့ ၂၀၁၄ ခုနှစ်မှာ တပ်မတော်က တင်ဒါခေါ်ယူခဲ့ပြီး ဇေကမ္ဘာကုမ္ပဏီက တင်ဒါအောင်မြင်ခဲ့ပါတယ်။ တပ်မတော်နဲ့ ကုမ္ပဏီ နှစ်ဖက်သဘောတူရေးထိုးထားတဲ့ ကြိုတင်သဘောတူညီမှုမှတ်တမ်း (MOA) ပါ စည်းကမ်းချက်တွေကို ကုမ္ပဏီဘက်က ဖောက်ဖျက်ခဲ့တဲ့အတွက် စာချုပ်ရုပ်သိမ်းရခြင်းဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဇေကမ္ဘာကုမ္ပဏီအနေနဲ့ အဆိုပါစီမံကိန်းကိုBOT စနစ်နဲ့ စာချုပ်ချုပ်ဆိုပြီးပါကနှစ် ၅၀ နဲ့ ၁၀ နှစ် နှစ်ကြိမ်သက်တမ်းတိုးခွင့် ရရှိမှာဖြစ်ပါတယ်။ လက်ရှိမှာတော့(MOA)

ပါစည်းကမ်းချက်တွေအရBOT စာချုပ်ချုပ်ဆိုနိုင်ခြင်း မရှိသေးပါဘူး။

မြေငှားရမ်းမှု ပြန်လည်ရုပ်သိမ်းလိုက်တဲ့ အဆိုပါမြေပေါ်မှာ လောလောဆယ် နောက်ထပ်စီမံကိန်းတွေ ဆောင်ရွက်သွားဖို့ အစီအစဉ်မရှိသေးဘူးလို့ တပ်မြို့စည်ပင်သာယာရေးအဖွဲ့ရုံး(ရန်ကုန်)မှ အတွင်းရေးမ·း ဦးမိုးမင်းဝင်းက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

"လောလောဆယ် အနာဂတ်စီမံကိန်းအနေနဲ့တော့ အစီအစဉ်မရှိသေးပါဘူး။မြေငှားစာချုပ်ရုပ်သိမ်းပြီး လုပ်ငန်းရပ်ဆိုင်းဖို့ ပြောထားတာပဲရှိပါသေးတယ်။ မြေပြန်သိမ်းဖို့တောင်မှ ဥပဒေ၊ နည်းဥပဒေတွေအရ လုပ်ဆောင်ရမှာမို့ နည်းနည်းကြာဦးမှာပါ"လို့ ဦးမိုးမင်းဝင်းက ဆိုပါတယ်။

မြေငှားရမ်းစာချုပ် ရုပ်သိမ်းလိုက်တဲ့အပေါ် ကုမ္ပဏီက တစ်စုံတစ်ရာ ဆက်သွယ်ပြောကြားလာတာ မရှိသေးပါဘူး။ လက်ရှိမှာတော့ စီမံကိန်းကို ရပ်ဆိုင်းထားပြီး ကုမ္ပဏီဘက်က လုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်နေမယ်ဆိုရင် တပ်မြို့စည်ပင်သာယာရေးဥပဒေအပြင် နယ်ဘက်ဥပဒေနဲ့ပါ အရေးယူဆောင်ရွက်သွားမယ်လို့လည်း ဦးမိုးမင်းဝင်းက ပြောပါတယ်။

အဆိုပါစီမံကိန်းဟာ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ မြရိပ်ညိုဟိုတယ်ဝင်းဟောင်းရှိ ၁၃ ဒသမ ၇၉၄ ဧကပေါ်မှာတည်ရှိပြီး စီမံကိန်းမှာ ၂၄ ထပ်အဆောက်အအုံ ၁၂ လုံးနဲ့ သုံးထပ်အဆောက်အအုံ တစ်လုံးတို့ ပါဝင်မှာဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာ အပြီးတည်ဆောက်သွားဖို့ ကုမ္ပဏီဘက်က မျှော်မှန်းထားပါတယ်။

မြရိပ်ညိုMix-used အထပ်မြင့်အဆောက်အအုံ စီမံကိန်းခွင့်ပြုချက်ကို တိုင်းအစိုးရအဖွဲ့က ၂၀၁၇ ခုနှစ်၊ ဇွန် ၈ ရက်က ပြုလုပ်တဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့အစည်းအဝေးမှာ ကန့်ကွက်ရန်မရှိကြောင်း အတည်ပြုပြီး ဇေကမ္ဘာကုမ္ပဏီက ဆောက်လုပ်ခွင့်ရထားတဲ့ စီမံကိန်းတစ်ခု ဖြစ်ပါတယ်။

ဒီစီမံကိန်းဟာ ရန်ကုန်မြို့ရဲ့ မြို့နယ်ကိုးမြို့နယ်ကို ရေပေးဝေနေတဲ့ ကုက္ကိုင်းရေလှောင်ကန်နဲ့ မလွတ်ကင်းပါဘူး။ ဒါကြောင့် ရေလှောင်ကန် ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ ၂၀၁၈ ခုနှစ်၊ မတ် ၁၄ ရက်ကစပြီး စီမံကိန်းဆောက်လုပ်မှုကို စည်ပင်သာယာက ရပ်ဆိုင်းခဲ့ပြီး မေလမှာ ပြန်လည်ဆောက်လုပ်ခွင့်ပြုခဲ့ပါတယ်။

စီမံကိန်းအတွက် ကြိုတင်သဘောတူညီမှု မှတ်တမ်းလွှာMOA မှာပါတဲ့အတိုင်း မြေအသုံးချခ အမေရိကန်ဒေါ်လာ ၄၁ ဒသမ ၃၈၂ သန်းကို နှစ်နှစ်အတွင်း ငါးကြိမ်ခွဲပေးဖို့ သဘောတူညီခဲ့ပေမဲ့ သတ်မှတ်ကာလအတွင်း နှစ်ကြိမ်အတွက် အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၅၅၂ သန်းသာ ပေးသွင်းခဲ့တယ်လို ဦးမိုးမင်းဝင်းက ဆိုပါတယ်။

သဘောတူစာချုပ်ပါ စည်းကမ်းချက်တွေအရ မြေငှားရမ်းခ ၂၀ ရာခိုင်နှုန်းပေးသွင်းပြီးတဲ့အချိန်မှာ မြေစမ်းသပ်ခြင်းနဲ့ ဒီဇိုင်းရေးဆွဲခြင်း စတဲ့အခြေခံလုပ်ငန်းတွေကိုပဲ လုပ်ကိုင်ခွင့်ရရှိမှာဖြစ်ပေမဲ့ စာချုပ်ကို ကျော်လွန်ပြီး အဆောက်အအုံတည်ဆောက်တာတွေ၊ ဖြိုဖျက်တာတွေ လုပ်နေတဲ့အတွက် လုပ်ငန်းရပ်ဆိုင်းထားဖို့ အကြိမ်ကြိမ် သတိပေးစာတွေ ပေးပို့ခဲ့တယ်လို့လည်း ၎င်းကပြောပါတယ်။

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလမှာ ကျန်ရှိနေတဲ့ မြေငှားရမ်းခတွေ ပေးသွင်းဖို့ အကြိမ်ကြိမ်နှိုးဆော်သတိပေးခဲ့ပေမဲ့ ကုမ္ပဏီက ငွေပေးသွင်းခဲ့ခြင်းမရှိတဲ့အတွက် နိုင်ငံတော်ဘဏ္ဍာငွေတွေ နစ်နာခဲ့ရတယ်လို့လည်း ၎င်းက ဆိုပါတယ်။

"စာချုပ်ပါစည်းကမ်းဖောက်ဖျက်မှုတွေအတွက် စီမံကိန်းရပ်ဆိုင်းဖို့ ရှစ်ကြိမ်လောက် သတိပေးစာပို့ခဲ့ပေမဲ့ တုံ့ပြန်လာတာမရှိပါဘူး။ လုပ်ငန်းရှင်တွေ သွင်းရတဲ့ငွေဟာ တပ်မတော်က ဆောင်ရွက်တယ်ဆိုပေမဲ့ တပ်ကရတာမဟုတ်ပါဘူး၊ တပ်ကအမည်ခံပြီး ရငွေခေါင်းစဉ်နဲ့ နိုင်ငံတော်ကို ပေးသွင်းရတာပဲဖြစ်ပါတယ်"လို့ ဦးမိုးမင်းဝင်းက ပြောပါတယ်။

ဒါ့ပြင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နဲ့ မြေငှားရမ်းသူတို့ရဲ့ ခွင့်ပြုချက်မရရှိဘဲ ရှေးဟောင်းစာရင်းဝင် အဆောက်အအုံနှစ်လုံးနဲ့ တခြားအဆောက်အအုံနှစ်လုံးကို ဖြိုဖျက်ခြင်း၊ ၎င်းတို့ရဲ့သဘောအတိုင်း ရုံးနဲ့ စီမံကိန်းအဆောက်အအုံသစ်တွေကို ဆောက်လုပ်ခြင်း၊ အကျိုးတူပူးပေါင်းဆောင်ရွက်ရန် ခွင့်ပြုထားခြင်းမရှိတဲ့ နိုင်ငံခြားကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ သတင်းတွေ ဖော်ပြခဲ့ခြင်း စတဲ့ အချက်တွေက MOA ပါ စည်းကမ်းချက်တွေကို ဖောက်ဖျက်ရာရောက်တဲ့အတွက် မြေငှားရမ်းမှု ရပ်ဆိုင်းခြင်းဖြစ်တယ် တပ်မြို့စည်ပင်သာယာရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

တပ်မတော်မှ စီမံကိန်းမြေငှားရမ်းမှု ရပ်ဆိုင်းလိုက်ခြင်းအပေါ်လတ်တလောမှာ တစ်စုံတစ်ခုပြောကြားလိုခြင်း မရှိသေးဘူးလို့ ဇေကမ္ဘာကုမ္ပဏီဥက္ကဋ္ဌ ဦးခင်ရွှေက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

"အခုအချိန်မှာ ကျွန်တော့်အနေနဲ့ ဘာမှမပြောသေးဘူး၊ ပြောချိန်တန်ရင်တော့ ပြောမှာပါ"လို့ ဦးခင်ရွှေက ဆိုပါတယ်။

အမေရိကန်ဒေါ်လာ သန်း ၅၀ဝ ရင်းနှီးမြှုပ်နှံထားတဲ့Yangon

New World စီမံကိန်းကို ဇေကမ္ဘာကုမ္ပဏီက ၄၀ ရာခိုင်နှုန်းနဲ့ တရုတ်ကုမ္ပဏီတစ်ခုဖြစ်တဲ့China State Construction Engineering Corporationက ၆၀ ရာခိုင်နှုန်း ရင်းနှီးမတည်ပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

စီမံကိန်းရပ်ဆိုင်းလိုက်တာဟာ လုပ်သင့်လုပ်ထိုက်တဲ့ လုပ်ငန်းတစ်ရပ်ဖြစ်ပြီး ပြည်သူလူထုအကျိုးစီးပွားအတွက် ထောက်ခံကြိုဆိုကြောင်း ကုက္ကိုင်းရေလှောင်ကန်ကို ဘေးအန္တရာယ်မှ ကယ်တင်ခြင်းအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းဗိုလ်က ပြောပါတယ်။

"လက်ရှိမှာတော့ လုပ်ငန်းတွေကို ရပ်ဆိုင်းထားတာတွေ့ရပါတယ်၊ ကုမ္ပဏီဘက်ကတော့ တစ်စုံတစ်ရာ တုံ့ပြန်လာတယ်လို့တော့ မကြားမိသေးဘူး"လို့ ဦးဝင်းဗိုလ်က ဆိုပါတယ်။



Ref: Myanmar Times News