Myanmar real estate info for Yangon and other cities.

Myanmar Housing Myanmar-Housing    






မြန်မာ အိမ်ခြံမြေ အကျိုးဆောင် နှင့်ဆက်စပ်သော သတင်း

သန်လျင်တံတား အမှတ် (၃) တည်ဆောက်ရန် ချေးငွေရရှိ



သန်လျင်မှ ရန်ကုန်သို့ ဆက်သွယ်သည့် ပဲခူးမြစ်ကူးတံတား၊ တံတားအမှတ်(၃)အတွက် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA မှ ချေးငွေ ရရှိပြီဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလွင်ကိုလတ်က ပြောသည်။

အဆိုပါတံတားအတွက် JICA ချေးငွေ ပထမအရစ်မှာ မြန်မာကျပ်ငွေ ၅၆၁၁၀ ဒသမ ၄၉၄ သန်း ဖြစ်သည်ဟု ၎င်းက ပြောသည်။


"တံတားအတွက် ဘတ်ဂျက်ကတော့ ကျသွားပြီပေါ့။ ၂၀၁၇ ခုနှစ် ဇူလိုင်လမှာ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီနဲ့ စာချုပ်ချုပ်တယ်။ ကျလာတဲ့ သန်း ၅၀ဝ၀ဝ ကျော်က ပထမအရစ်ပေါ့။ ဘတ်ဂျက်က နှစ်စဉ်တော့ ကျသွားမှာပါ"ဟု ၎င်းက ပြောသည်။

အဆိုပါတံတားစီမံကိန်းကို နိုင်ငံတကာချေးငွေနှင့် အကောင်အထည်ဖော်ရန် ဆောင်ရွက်ခြင်းဖြစ်ပြီး အတိုးနှုန်း ဝ ဒသမ ဝ၁ ရာခိုင်နှုန်းနှင့် ချေးပေးခြင်း ဖြစ်ကြောင်း၊ ယခုလက်ရှိ အစိုးရလက်ထက်တွင် စီမံကိန်းချေးငွေများကို အတိုးနှုန်း ဝ ဒသမ ဝ၁ ရာခိုင်နှုန်းနှင့် ၁ ဒသမ ၅ ရာခိုင်နှုန်းအကြားတွင်သာ ခွင့်ပြုပေးကြောင်း ဦးလွင်ကိုလတ်က ဆိုသည်။

"ဂျပန်နိုင်ငံရဲ့ ချေးငွေဖြစ်ပြီး သဘောတူညီမှုက ရရှိပြီးပြီဖြစ်ပါတယ်။ လွှတ်တော်ကို တင်ပြတာပါ။ ချေးငွေနဲ့ ဒီတံတားဆောက်ဖို့က သေချာပါတယ်"ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ ညွှန်ကြားရေးမ·း ဦးဌေးဦးက ပြောသည်။

"သန်လျင်ဧရိယာ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် မြို့ကွက် အသစ်တွေလည်း ပိုဖော်ထုတ်လို့ရအောင် နောက်တစ်စင်း ထပ်ပြီးတော့ စဉ်းစားတာပါ။ တံတားပြီးရင်လည်း တံတားအဟောင်းက ကန့်သတ်ချက်နဲ့ အသုံးပြုနေမှာ ဖြစ်ပါ တယ်"ဟု ၎င်းက ဆက်လက်ပြောသည်။

အဆိုပါတံတားစီမံကိန်းသည် သန်လျင်မြို့နေ ပြည်သူ များ စိတ်ဝင်စားသည့် စီမံကိန်း ဖြစ်သည်အပြင် နိုင်ငံတကာ ချေးငွေနှင့် လုပ်ဆောင်သည့် စီမံကိန်းဖြစ်သည့်အတွက် ဆောင်ရွက်ပြီးစီးသည် အခြေအနေများကို လွှတ်တော်တွင် နှစ်စဉ်မေးမြန်းသွားမည်ဟု ဦးလွင်ကိုလတ်က ပြောသည်။

"သက်ဆိုင်ရာ စီမံကိန်းနှစ်အတွင်းမှာ မြန်မြန်ပြီးစေ ချင်တယ်။ သတ်မှတ်ကာလအတွင်းမှာ ပြီးမှ စီမံကိန်း ရလဒ်ကို မြန်မြန်ခံစားရမယ်။ ပြန်ဆပ်တဲ့အခါကျရင် စီမံကိန်းရတဲ့ အကျိုးရလဒ်ထဲက ပြန်ဆပ်ပေးရရင် အဆင် ပြေတယ်။ စီမံကိန်း ကြန့်ကြာလေ နစ်နာမှု ပိုရှိလေပေါ့" ဟု ၎င်းက ပြောသည်။

"ဂျပန်နဲ့ ညှိနှိုင်းနေတာကတော့ မတ်လကို စတင်ဖို့ အတွက် လုပ်ထားပါတယ်။ စီမံကိန်းပမာဏက ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၂၈၉ သန်း၊ အကြမ်းဖျင်းရှိပါတယ်။ စီမံကိန်းဘတ်ဂျက်အတည်ပြုပြီးရင် တံတား စပြီးဆောက်တော့မှာပါ။ တံတားကတော့ ခန့်မှန်းခြေ ၂၀၂၃ ခုနှစ်မှာ ပြီးအောင် ဆောက်မယ်လို့ ခန့်မှန်းထားပါတယ်"ဟု ဦးဌေးဦးက ပြောသည်။

တံတားပြီးစီးသွားပါက သီလဝါ အထူးစီးပွားရေးဇုန်ကို အကြောင်းပြု၍ ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းများ တိုးတက်လာမှုကြောင့် ရန်ကုန်မြို့အပါအဝင် သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ စသည့်မြို့နယ်များမှ ပြည်သူ တို့၏ လူမှုစီးပွား တိုးတက်မှုကို အမြန်ဆုံး ဖြည့်ဆည်းပေး နိုင်ရန် ရည်ရွယ်ထားသည်။

ပဲခူးမြစ်ကူးတံတား၊ သံလျင်တံတား အမှတ် (၃) ကို လက်ရှိ သံလျင်တံတားအမှတ် (၁) ၏ အောက်ဘက်အခြမ်း၊ ၁၂၅ မီတာ အကွာအဝေးတွင် တည်ဆောက်သွားမည်ဖြစ်သည်။ ပင်မတံတား စုစုပေါင်းအရှည် ၁ç၉၂၈ မီတာရှိပြီး တံတားအမျိုးအစားမှာ သံမဏိကြိုးဆိုင်း တံတားဖြစ်သည်။ 



Ref: Myanmar Times News