Myanmar real estate info for Yangon and other cities.

Myanmar Housing Myanmar-Housing    






မြန်မာ အိမ်ခြံမြေ အကျိုးဆောင် နှင့်ဆက်စပ်သော သတင်း

၀ါကျွတ်ကာလမှာ လှုပ်လှုပ်ရှားရှားဖြစ်လာတဲ့ အိမ်ခြံမြေဈေးကွက်



မကြာခင် ဝါကျွတ်ကာလကိုရောက်ရှိတော့မှာဖြစ်တာနဲ့အညီ ရန်ကုန်မြို့ အိမ်ခြံမြေ ဈေးကွက်ဟာလည်း အနည်းငယ် စတင်လှုပ်ရှားလာပြီဖြစ်တယ်လို့ အိမ်ခြံမြေ ဝန်ဆောင်မှု ကုမ္ပဏီတွေနဲ့ ပွဲစားတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဝါတွင်းကာလတွေက အိမ်ခြံမြေဈေးကွက်အတွင်း အရောင်းအဝယ်နဲ့ အငှားဈေးကွက်ပါ အေးစက်နေတဲ့အခြေအနေကနေ အခု အောက်တိုဘာလလယ်လောက်မှာတော့ အိမ်ခြံမြေအရောင်းအဝယ်အပြင် အငှားဈေးကွက်ပါအနည်းငယ် ပြန်လည်အဆင်ပြေလာတယ်လို့Living Yangon အိမ်ခြံမြေနဲ့ အထွေထွေဝန်ဆောင်မှု ကုမ္ပဏီတည်ထောင်သူ ဦးနိုင်ဇော်ထွန်းက ပြောပါတယ်။

"အရင်နှစ်တွေကတော့ အောက်တိုဘာလကုန်ခါနီးအချိန်ရောက်တိုင်းအဆင်ပြေတယ်။ သင်္ကြန်မရောက်ခင်အထိကတော့ အကျိုးဆောင်တွေအနေနဲ့ အေးအေးဆေးဆေးပဲ။ အရောင်းအဝယ်တွေ၊ အငှားတွေ လာကြတယ်။ အကောင်းဆုံးအချိန်တွေပေါ့။ ဒီနှစ် ဝါကျွတ်ရင်လည်း ကောင်းမယ်လို့တော့ခန့်မှန်းပါတယ်။ ဒီနှစ်မှာကွန်ဒိုအသစ်တွေလည်းပေါ်လာတယ်။ ဝယ်လည်းဝယ်ကြတယ်။ အငှားဆိုရင်လည်း စီးပွားရေးလုပ်ငန်း၊ ဆိုင်ဖွင့်ဖို့၊ ကျောင်းဖွင့်ဖို့တွေလာတာတွေ့ရတယ်။ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလတွေမှာ တော်တော်လေး ကောင်းလိမ့်မယ်လို့ထင်တယ်"လို့ ဦးဇော်နိုင်ထွန်းက ပြောပါတယ်။

အိမ်ခြံမြေဈေးကွက်ကတော့ ပုံမှန်အားဖြင့် ဝါတွင်းကာလတွေမှာ အေးစက်နေလေ့ရှိပြီး ဝါကျွတ်ကာလမှ စတင်ကာ သင်္ကြန်ကာလအထိ ပြန်လည်ကောင်းမွန်လာတတ်တယ်လို့ အိမ်ခြံမြေဝန်ဆောင်မှုကုမ္ပဏီတွေက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ ရန်ကုန် အိမ်ခြံမြေဈေးကွက်ထဲမှာ ဒဂုံဆိပ်ကမ်း၊ ဒဂုံတောင်၊ ဒဂုံမြောက်၊ သန်လျင်၊ ကြည့်မြင်တိုင်မြို့နယ် တစ်ဖက်ကမ်း စတဲ့ဈေးနှုန်းသက်သာတဲ့နေရာတွေမှာ ရွေးချယ်ဝယ်ယူကြတာတွေ ရှိတယ်လို့ မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း အထွေထွေအတွင်းရေးမ·း ဒေါ်မို့မို့အောင်က ပြောပါတယ်။

"အဝယ်အရောင်းသမားကတော့ ဘာမှသိပ်မလုပ်ကြဘူး။ တကယ်နေမယ့်လူ၊ စီးပွားရေးလုပ်မယ့်သူတွေပဲ ငှားရမ်းကြတယ်။ ကျန်တာတော့သိပ်မရှိဘူး။ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုလည်း သိပ်မရှိတော့ အငှားလည်းအများကြီးဖြစ်တာမဟုတ်ဘူး။ တကယ်နေမယ့်လူတွေဆိုရင်တောင် ကွန်ဒိုဆိုလည်း အငှားက ကျပ် ၁၀ သိန်း၊ ၁၅ သိန်းဝန်းကျင်၊ ရုံးခန်းတွေ ငှားတယ်ဆိုရင် ကျပ် လေးသိန်း၊ ငါးသိန်း ဝန်းကျင်ပဲရှိတယ်"လို့ သူကပြောပါတယ်။

အိမ်ခြံမြေဈေးကွက်အတွင်း လာရောက်ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားတဲ့နိုင်ငံတွေမှာ အာဆီယံနိုင်ငံတွေပါဝင်ပြီး ကိုရီးယား၊ တရုတ်၊ ဂျပန်နိုင်ငံတို့က စိတ်ဝင်စားမှု အများအပြားရှိတယ်လို့လည်း အိမ်ခြံမြေဝန်ဆောင်မှု အသိုင်းအဝိုင်းက သိရပါတယ်။

အခုလောလောဆယ်မှာတော့ အိမ်ခြံမြေ ဝန်ဆောင်မှုဥပဒေက မထွက်ရှိသေးတဲ့အတွက် ပြည်ပကနေ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သူတွေ လာရောက်လာမှု နည်းပါးတယ်လို့ ဒေါ်မို့မို့အောင်က မှတ်ချက်ပေးပါတယ်။

မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်းက ယင်းအိမ်ခြံမြေဝန်ဆောင်မှုဥပဒေကို ရေးဆွဲခဲ့ပြီး သက်ဆိုင်ရာဌာနနဲ့ အဖွဲ့အစည်းတွေက လိုအပ်တာတွေကို ဖြည့်စွက်အကြံပေးထားကြပါတယ်။ အိမ်ခြံမြေဝန်ဆောင်မှုဥပဒေက ပြည်ထောင်စုအဆင့် လွှတ်တော်ကို ရောက်ရှိနေပြီဖြစ်ပြီး ဆွေးနွေးတာ၊ ပြင်ဆင်ဖြည့်စွက်တာတွေ ပြုလုပ်သွားဖို့ရှိတယ်လို့ အဆိုပါအသင်းကသိရပါတယ်။

"လွှတ်တော်ကို တင်ထားပြီးပြီဆိုတော့ လာမယ့်လွှတ်တော်မှာ ဆွေးနွေးလိမ့်မယ်လို့တော့ ထင်ပါတယ်။ ဆွေးနွေးပြီးတော့ လိုအပ်တာတွေ ထပ်ဖြည့်၊ မလိုတာတွေ ဖြုတ်နဲ့ ၂၀၁၉ ခုနှစ်လောက်မှာ ထွက်လာမယ်လို့ မြင်ပါတယ်။

ဥပဒေခိုင်မာပြီဆိုရင်တော့ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုတွေ ရောက်လာမှာပေါ့"လို့ ဒေါ်မို့မို့အောင်က ပြောပါတယ်။

"အိမ်ခြံမြေ ဝန်ဆောင်မှု ဥပဒေ ထွက်လာမယ်ဆိုရင်တော့ အဆင်ပြေမယ်လို့ ထင်တယ်။ ဥပဒေကျတော့ ပြောရခက်တယ်လေ။ ဥပဒေ မူကြမ်းပဲ ထွက်သေးတာ။ မူကြမ်းထွက်ပြီး အတည်ဖြစ်ဖို့ဟာ မြန်ချင်လည်း မြန်မယ်။ ကြာချင်လည်းကြာမယ်။ ၂၀၁၉ ခုနှစ်မှာ ထွက်လာမယ်လို့ အာမမခံနိုင်ဘူး။ထွက်လာခဲ့ရင်တော့ အိမ်ရှင်၊အိမ်ငှား၊ ဝယ်တဲ့သူတွေအတွက်လည်း ကောင်းလိမ့်မယ်။ထွက်လာရင်တော့ တစ်ခုခု ပြောင်းလဲလိမ့်မယ်ထင်တယ်"လို့ ဦးနိုင်ဇော်ထွန်းက ပြောပါတယ်။



Ref: Myanmar Times News