မြန်မာ အိမ်ခြံမြေ အကျိုးဆောင် နှင့်ဆက်စပ်သော သတင်း

အိမ်ခြံမြေလောကအရှုပ်ထွေးကို ဝန်ဆောင်မှုဥပဒေ ရှင်းနိုင်မလား


Myanmar real estate news
ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများ အဓိကလည်ပတ်ရာမြို့တော်ဖြစ်သကဲ့သို့ အိမ်ခြံမြေလုပ်ငန်း အများအပြားရှိနေပြီး အိမ်ခြံမြေဈေးကွက်၏ အရေးပါသည့် အစိတ်အပိုင်းတစ်ခုလည်းဖြစ်သည်။ သို့သော် ရန်ကုန်မြို့၏ အိမ်ခြံမြေဈေးကွက်အတွင်း အိမ်ခြံမြေအကျိုးဆောင်များနှင့် အိမ်ရှင်၊ အိမ်ငှားများကြား ပြဿနာများနှင့် အငြင်းပွားမှုများ ဖြစ်ပေါ်လျက်ရှိသည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာန၏ အချက်အလက်များအရ မြန်မာနိုင်ငံ၏ လူဦးရေသည် ၅၄ သန်းခန့်အထိရှိလာပြီး ၎င်းတို့၏စားဝတ်နေရေးမှာ အလွန်အရေးပါလာသည်။ ယင်းကဏ္ဍ သုံးခုအနက် နေရေးဖြစ်သည့် အိမ်ခြံမြေကဏ္ဍနှင့်ပတ်သက်ပြီး ဖြစ်ပေါ်နေသည့် အခက်အခဲများ၊ အငြင်းပွားမှုများကို အထိုက်အလျောက် ဖြေရှင်းနိုင်ရန်နှင့် ဥပဒေဘောင်အတွင်းမှ ထိန်းကျောင်းနိုင်ရန် ဥပဒေပြုပညာရှင်များ၊ အိမ်ခြံမြေဝန်ဆောင်မှုလုပ်ကိုင်နေကြသူများက မျှော်လင့်နေကြသည်။

"လက်ရှိမှာ ကျွန်တော်တို့ရင်ဆိုင်နေရတာက အိမ်ခြံမြေနဲ့ပတ်သက်ပြီးလိမ်လည်မှုတွေ၊ ဈေးကွက်မတည်ငြိမ်မှုနဲ့ ဈေးကွက်တိတိကျကျ မသတ်မှတ်နိုင်တော့ အငြင်းပွားမှုတွေ များလာပြီး မှုခင်းတွေလည်း ပေါ်ပေါက်လာ ပါတယ်။ ကျွန်တော်တို့ တိုင်စာကော်မတီကို ရောက်လာတဲ့ တိုင်ကြားမှုတွေထဲမှာ အိမ်ခြံမြေအငြင်းပွားမှုနဲ့ ပတ်သက်ပြီး ရရှိလာတဲ့ တိုင်စာဟာ ၁၀ ရာခိုင်နှုန်းရှိတယ်။ ဒါတွေဟာ တိကျတဲ့ အိမ်ခြံမြေဆိုင်ရာဥပဒေကို မပြဋ္ဌာန်းပေးနိုင်တဲ့အတွက်ကြောင့် ရင်ဆိုင်ဖြေရှင်းနေရတယ်လို့ သတ်မှတ်ပါတယ်"ဟု ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာ၊ အသနားခံစာများ စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်လွင်က ပြောသည်။

လက်ရှိ အိမ်ခြံမြေလောကတွင် ဝန်ဆောင်မှုလုပ်ကိုင်နေသည့် အကျိုးဆောင်များကို သက်ဆိုင်ရာ စည်းကမ်းထိန်းသိမ်းကြပ်မတ်မည့် အဖွဲ့အစည်းမရှိခြင်းကြောင့် မလိုလားအပ်သည့် ပြဿနာများ ပေါ်ပေါက်လာ ကြခြင်းဖြစ်သည်ဟု အကျိုးဆောင်အချို့က ဆိုသည်။

"စည်းမျဉ်းဥပဒေ အတိအကျမရှိတော့ အချင်းချင်းကျော်တာခွတာတွေ ရှိတယ်။ ကိုယ်ရောင်းဖို့ တာဝန်ယူထားတဲ့အိမ်ကို တချို့က ယူရောင်းသွား တာမျိုးပေါ့။ တချို့အိမ်ရှင်တွေကျတော့လည်း စည်းကမ်းမရှိဘူး။ ကျွန်တော်နဲ့ချိတ်ထားပြီး နောက်တစ်ဦးက ဝယ်မယ့်သူခေါ်လာပြီး လာပြလည်း လက်ခံ လိုက်တာပဲ။ အဲဒါက လိုင်စင်မရှိလို့ဖြစ်တာ"ဟု Yangon Superb အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ကိုစူပါက ပြောသည်။

အိမ်ခြံမြေအကျိုးဆောင်နှင့် ပွဲစားအချို့က အိမ်ခြံမြေ၏ သတ်မှတ်ထားသည့် ဈေးနှုန်းထက် ရာခိုင်နှုန်းအနည်းငယ်ပိုတင်ကာ ဝယ်သူအား ရောင်းချခြင်း၊ ပွဲညွန့်တင်ခြင်း၊ အိမ်ခြံမြေအကျိုးဆောင်တစ်ခုနှင့် ချိတ်ထားသည့် အိမ်ခြံမြေကို အခြားအကျိုးဆောင်က ဝင်ရောက်လုပ်ကိုင်ခြင်း စသည့်အကြောင်းအရာများ ဈေးကွက်တွင်း ဖြစ်ပေါ်လျက်ရှိသည်။

"တချို့လူတွေက အရောင်းအဝယ်လည်း ဖြစ်သွားရော ဝန်ဆောင်ခ မပေးချင်လို့ ကျော်ပြီးတော့ အိမ်ငှားနဲ့ တိုက်ရိုက်လုပ်တာမျိုးလည်း ရှိတယ်။ အိမ်ရှင်တွေကိုလည်း ဘယ်လိုစည်မျဉ်းဥပဒေနဲ့ကိုင်မလဲ"ဟု ကိုစူပါက ပြောသည်။

"လမ်းဘေးကွမ်းယာသည်ကရော၊ ဆိုက်ကားသမားကရော အိမ်လေးကို လက်ညှိုးထိုးပြပြီး အကျိုးဆောင်လုပ်တယ်။ ကျွန်တော်တို့ကျတော့ ဝယ်သူလည်း ရှာရတယ်။ နေရာကိုလည်း တကူးတက ရှာပေးရတယ်။အဲဒီအပေါ်မှာ သူတို့က ပွဲစားခ စားချင်ကြတယ်။ ကျွန်တော်တို့က အားစိုက်ပြီးတော့ ရပိုင်ခွင့်နည်းနေတဲ့အတွက် အဲဒီလိုမျိုးမဖြစ်စေချင်လို့ အိမ်ခြံမြေရောင်းတဲ့သူတွေကလည်း မှန်မှန်ကန်ကန်နဲ့ တကယ်လိုင်စင်ရှိတဲ့ လူမျိုးဆီမှာ အပ်သင့်တယ်။ ဒါမှ အဲဒီလိုမျိုး ပွဲစားတွေ ပျောက်သွားမယ်"ဟု မြောက်ဥက္ကလာပမြို့နယ်မှ အိမ်ခြံမြေအကျိုးဆောင် ကိုစိုးကြီးက ပြောသည်။

တစ်ဖက်တွင် ပွဲစားများက အိမ်ရှင်မတောင်းဘဲနှင့် အိမ်လခပိုတောင်း သည်များ၊ စပေါ်ငွေပြန်မပေးဘဲ ကြားထဲက ဖြတ်ယူထားသည်များအပြင် အိမ်ရှင်နှင့် အိမ်ငှားကြား လှည့်ဖျားနေမှုများကို အိမ်ငှားများ ကြုံတွေ့ နေရသည်ဟု ဆိုသည်။

"အိမ်ရှင်က စပေါ်ငွေ မတောင်းဘဲနဲ့ တောင်းတာ၊ တခြားတိုက်ခန်းကိုပြောင်းမယ်ဆိုရင် စပေါ်ငွေကို ပွဲစားက ကြားထဲက ဖြတ်ယူထားတာမျိုး တွေရှိတယ်။ တစ်ခါတလေလည်း အိမ်ရှင်ကိုယ်တိုင်က ပြန်မပေးတာ ရှိတယ်။ ပွဲစားတွေက ကြားထဲက ခြောက်လစာယူထားပြီး အိမ်ရှင်ကို ပြန်ခွဲပေးတာမျိုးလည်းရှိသလို တိုက်ခန်းမှာ အပြစ်အနာဆာရှိရင်လည်း ပြင်ပေးမယ်လို့ ပွဲစားက လွယ်လွယ်ပြောပြီး တကယ်တမ်းမှာ အိမ်ရှင်ကပြင်မပေးတော့ ကိုယ့်ငွေကိုယ် စိုက်ပြင်ရတာရှိတယ်။ အိမ်ရှင်နဲ့ အိမ်ငှား မျက်နှာခြင်းဆိုင်ပေးမတွေ့ဘဲ ကြားထဲမှာ ကုလားဖန်ထိုးတယ်။ ပွဲစားခထပ်ရအောင် လက်ရှိနေတဲ့အိမ်ကို စာချုပ်ထပ်မချုပ်ရအောင် လုပ်တာတွေလည်းရှိတယ်"ဟု တာမွေမြို့နယ်တွင် အိမ်ငှားနေသူ မသူဇာက ပြောသည်။



Ref: Myanmar Times News