မြန်မာ အိမ်ခြံမြေ အကျိုးဆောင် နှင့်ဆက်စပ်သော သတင်း

၂၀၁၉ တွင် အကောင်အထည်ဖော်မယ့် ရန်ကုန် မိုးပျံအမြန်လမ်းစီမံကိန်း


Myanmar real estate news ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း၍ Public Private Partnership (PPP) အစီအစဉ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် ရန်ကုန်မိုးပျံ အမြန်လမ်းစီမံကိန်း (YEX) အပိုင်း (၁) အတွက် စိတ်ဝင်စားသော ရင်းနှီးမြှုပ်နှံသူများကို မေလအတွင်း အစိုးရက ဖိတ်ခေါ်ခဲ့သည်။

လျှောက်ထားလာသော ကုမ္ပဏီများအနက် ဆန်ခါတင်အရည်အသွေး ပြည့်မီမှုလျှောက်လွှာ ၁၂ စောင် လက်ခံရရှိခဲ့ပြီး တင်သွင်းလာသော ကုမ္ပဏီ ၁၂ ခုထဲမှ ဆန်ခါတင် အရည်အသွေးပြည့်မီသည့် ကုမ္ပဏီ ၁၀ ခု အမည်စာရင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာလဆန်းပိုင်းက ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းကုမ္ပဏီများတွင် ပြင်သစ်နိုင်ငံကVINCI Highways၊ ကိုရီးယားနိုင်ငံTeam Korea မိတ်ဖက်အဖွဲ့၊ တရုတ်နိုင်ငံကChina Communications Construction Company? ၊ ဂျပန်နိုင်ငံကJFEE/Marubeni မိတ်ဖက်အဖွဲ့၊ ထိုင်း၊ ဂျပန်နှင့် မြန်မာကုမ္ပဏီများပါဝင်သည့်BSSIC မိတ်ဖက်အဖွဲ့၊ တရုတ်နိုင်ငံက? China Gezhouba Group Co.,Ltd(CGGC) နှင့်Great Genesis Gems Co.,Ltd.ယူအိ မိတ်ဖက်အဖွဲ့၊ ထိုင်းနှင့် တရုတ်နိုင်ငံ တို့ကITD-CSI အကျိုးတူပူးပေါင်းအဖွဲ့၊ တရုတ်နှင့် မြန်မာတို့က Denso-

CSCEC မိတ်ဖက်အဖွဲ့၊ တရုတ်နိုင်ငံကPower Constrution of China,

Limited တို့ ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆန်ခါတင်အရည်အသွေး ပြည့်မီသူများသည် စီမံကိန်းနှင့်သက်ဆိုင်သော အချက်အလက်များနှင့် မှတ်တမ်းများကို ရယူနိုင်မည်ဖြစ်ပြီး တင်ဒါအနိုင်ရရှိရန် ဆက်လက်ပါဝင်နိုင်မည်ဖြစ်သည်။ တင်ဒါအနိုင်ရရှိရန် နောက်တစ်ဆင့်မှာ ကြိုတင်အရည်အသွေး ပြည့်မီသူများကို အဆိုပြုလျှောက်လွှာ(Request for Proposal) တင်သွင်းရန် ဖိတ်ခေါ်ပြီး သဘောတူညီမှုစာချုပ်(Concession

Agreement)ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာနထံမှ သိရသည်။

လက်ရှိတွင် ဆန်ခါတင်အဖွဲ့ ၁၀ ဖွဲ့သည် တင်ဒါ၏ နောက်ထပ်အဆင့်တစ်ခုဖြစ်သည့် အဆိုပြုလျှောက်လွှာကို ဆောက်လုပ်ရေးဝန်ကြီးဌာနဘက်သို့ ပြန်လည်တင်ပြရမည်ဖြစ်ပြီး အဆိုပါ အဆိုပြုလွှာကို အသေးစိတ်ရေးဆွဲရန် အချိန်နှစ်လမှ သုံးလခန့်ရမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

မိုးပျံ အမြန်လမ်းမကြီးစီမံကိန်းကို ၂၀၁၉ ခုနှစ်တွင် လုပ်ငန်းများ စတင် အကောင်အထည်ဖော်မည်ဖြစ်ပြီး သုံးနှစ်အတွင်း အပြီးတည်ဆောက်သွားမည် ဖြစ်သည်။ ဆောက်လုပ်ရေးဝန်ကြီးဌာနသည် ယင်းစီမံကိန်းကို အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သောPublic Private Partnership အစီအစဉ် ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။

"လောလောဆယ် အဆိုပြုလွှာအတွက် အသေးစိတ်ညှိနှိုင်းပြီး သမ္မတရုံးနဲ့ အစိုးရအဖွဲ့တွေအထိ အဆင့်ဆင့်တင်ပြီးတော့ အတည်ပြုချက်ယူရမှာဖြစ်တဲ့အတွက် ဧပြီလလောက်ဆိုရင်တော့ အဆိုပြုလွှာ ခေါ်နိုင်မယ်လို့တော့ မှန်းထားပါတယ်"ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနက အရာရှိတစ်ဦးက ပြောသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနက ကုမ္ပဏီများကို ထောက်ပံ့ပေးရမည့် အချက်အလက်များကို ညှိနှိုင်းပြီးပါက လုပ်ငန်းအဆိုပြုချက်အတွက် ကုမ္ပဏီ ၁၀ ခုစလုံးသည် ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ တင်ပြရမည်ဖြစ်ပြီး ကုမ္ပဏီ ၁၀ ခုထဲမှ ပြန်လည်ရွေးချယ်သွားမည်ဖြစ်သည်။ ကုမ္ပဏီများအနေဖြင့် ပထမအဆင့်အဖြစ် နည်းပညာပိုင်းတွင် အောင်မြင်ရမည်ဖြစ်ပြီး ဘဏ္ဍာရေး ပိုင်းဆိုင်ရာကိုလည်း ထပ်မံရွေးချယ်မည်ဖြစ်သည်။

"နည်းပညာပိုင်းအောင်တဲ့ ကုမ္ပဏီတွေက ဘဏ္ဍာရေးပိုင်းကို မော်ဒယ်တွေ ထပ်တင်ပြီး အဲဒါအောင်မှ နောက်ဆုံးအဆင့် ရွေးချယ်မှာဖြစ်ပါတယ်။ နောက်ဆုံးရွေးပြီးလို့ စာချုပ်ချုပ်ပြီးမှ ဆောက်လုပ်ရေးလုပ်ငန်းပိုင်းတွေ စတင်မှာဖြစ်ပါတယ်"ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန အရာရှိတစ်ဦးက ပြောသည်။

လျှောက်ထားသည့်ကုမ္ပဏီများတွင် တရုတ်ကုမ္ပဏီဖြစ်သည့် ဃဃဃဃ ကုမ္ပဏီတစ်ခုသာ တစ်ဦးတစ်ယောက်ချင်းအဖြစ် ဝင်ပြိုင်ခြင်းဖြစ်ပြီး ကျန်သည့်ကုမ္ပဏီများမှာ အကျိုးတူပူးပေါင်းထားသော အဖွဲ့အစည်းများ ဖြစ်သည်ဟုဆိုသည်။

"ရွေးချယ်မှုမှာ ဂျပန်တွေ၊ တရုတ်တွေ၊ ကိုရီးယားတွေ ရည်စူးထားတာ မရှိဘူး"ဟု အဆိုပါအရာရှိက ပြောသည်။

လွန်ခဲ့သည့် ဇူလိုင်လအတွင်းက ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော်တွင် ကျောက်တံတားမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထက်က ရန်ကုန်တိုင်းအတွင်း ပြည်သူများ သွားလာမှုအဆင်ပြေစေရန်နှင့် ယာဉ်ကြောကျပ်တည်းမှုများ လျော့ပါးစေရန်Inner Ring Road ပြုလုပ်ရန် စီစဉ်ထားမှုအခြေအနေနှင့် ပတ်သက်သည့်မေးခွန်း မေးမြန်းခဲ့သည်။

ယင်းမေးခွန်းကို ဆောက်လုပ်ရေးဒုဝန်ကြီး ဦးကျော်လင်းက ၂၀၁၉ ခုနှစ်အစInner Ring Road ကို စတင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထည့်သွင်းဖြေကြားခဲ့သည်။

စတင်ဆောင်ရွက်သည့်အချိန်မှစပြီး သုံးနှစ်အတွင်း အပြီးတည်ဆောက် သွားမည်ဖြစ်ပြီး စီမံကိန်းလုပ်ငန်းကို နိုင်ငံတော်ဘဏ္ဍာငွေဖြင့် တည်ဆောက် မည်မဟုတ်ဘဲ နိုင်ငံတကာကုမ္ပဏီများ၏ ကိုယ်ပိုင်အရင်းအနှီးနှင့် ဆောင်ရွက်သွားစေမည်ဖြစ်ကြောင်း ဒုဝန်ကြီး ဦးကျော်လင်းက ထည့်သွင်း ဖြေကြားခဲ့သည်။

ယင်းစီမံကိန်းတွင် ပုဂ္ဂလိကကဏ္ဍက ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန် ဒေါ်လာ သန်း ၄၀ဝ အထိရှိလာမည်ဟု မျှော်လင့်ရကြောင်း ကမ္ဘာ့ဘဏ် အဖွဲ့ဝင်ဖြစ်သည့် IFC က ကြေညာခဲ့သည်။

"ကျွန်တော်တို့ကတော့ အဲဒီလိုစီမံကိန်းကိုတော့ ကြိုဆိုပါတယ်။ နိုင်ငံမှာ ဒီလိုလမ်းမျိုးက ရှိသင့်တယ်။ ဝင်ပေါက်က ဧရာဝတီတိုင်းဝင်ပေါက်ရှိမယ်၊ ရန်ကုန်၊ မန္တလေး အမြန်လမ်းဘက်အဝင်ရှိမယ်။ အဲဒီဘက်ကနေ မြို့ထဲကို လာတဲ့အခါမှာ ယာဉ်ကြောကျပ်တည်းတယ်။ မြို့ထဲကိုဖြတ်မယ့် အခပေးရတဲ့ အမြန်လမ်းလုပ်ပေးခြင်းအားဖြင့် ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းနိုင်မယ်"ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များ အသင်းချုပ် အထွေထွေအတွင်းရေးမ·း ဦးမျိုးမြင့်က ပြောသည်။

"အခြေခံအဆောက်အအုံနဲ့ ပတ်သက်လို့ မိုးပျံလမ်း၊ နှစ်ထပ်လမ်း လုပ်မယ်ဆိုတာလည်း ပြည်ထောင်စုလွှတ်တော်မှာ ပြောတာတွေ ကြားရ တယ်။ လေ့လာဆန်းစစ်မှုတွေလည်း လုပ်နေပြီလို့လည်း ပြောတယ်။ ဒါက မြို့ရဲ့ တိုးတက်လာတဲ့ လူဦးရေအနေနဲ့ကော၊ ယာဉ်အနေနဲ့ကော လိုအပ်တဲ့ ကိစ္စမို့ လုပ်သင့်ပါတယ်"ဟု ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောသည်။

မိုးပျံအမြန်လမ်းမကြီးစီမံကိန်းသည် ရန်ကုန်မြို့တောင်ဘက်ပိုင်းရှိ ရန်ကုန်ဆိပ်ကမ်း၊ သီလဝါ အထူးစီးပွားရေးဇုန်နှင့် မြောက်ပိုင်းရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ရန်ကုန်စက်မှုဥယျာဉ်နှင့် ရန်ကုန်- ¼ မန္တလေး အမြန်လမ်းတို့ကို ချိတ်ဆက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး ၄၇ ဒသမ ၅ ကီလိုမီတာအရှည်ရှိမည့် လေးလမ်းသွား လမ်းမကြီး ဖြစ်သည်။

"မိုးပျံလမ်းက ပြည်သူတွေအတွက် အထူးအဆန်းဆိုတော့ ဒီစီမံကိန်းက အကောင်အထည်ပေါ်လာရင် အကောင်းဆုံးပဲ။ ဒီလိုမဟုတ်ဘဲ စာရွက် ထဲမှာပဲ ပြီးသွားတာများတဲ့အတွက် ဒီစီမံကိန်းရော ဒီလိုဖြစ်သွားမလား ဆိုတာ ပြည်သူအနေနဲ့ စိုးရိမ်မှုရှိပါတယ်။ အစိုးရအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်ရင် ပြည်သူတစ်ယောက်အနေနဲ့ မိုးပျံလမ်းမကဘူး၊ မိုးပျံရထားလည်း လိုချင်တယ်။ ဒါပေမဲ့ လေလွင့်မှုတွေ အများကြီးဖြစ်လာမှာကိုလည်း စိုးတယ်"ဟု ရန်ကုန်မြို့တွင်နေထိုင်သူ ကိုဂျီအောင်က ပြောသည်။

အဆိုပါစီမံကိန်းသည် အစိုးရ၏ ဦးစားပေးဆောင်ရွက်နေသည့် စီမံကိန်းတစ်ခုဖြစ်ပြီး ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှု လျော့ကျစေရန် နှင့် နိုင်ငံ၏ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများအတွက် ဆက်သွယ်ရေး ပိုမိုကောင်းမွန်လာစေရန် လုပ်ဆောင်ခြင်းဖြစ်သည်။ 



Ref: Myanmar Times News