မြန်မာ အိမ်ခြံမြေ အကျိုးဆောင် နှင့်ဆက်စပ်သော သတင်း

သန်လျင်မြို့ရဲ့ ဖွံ့ဖြိုးမှုအလားအလာနဲ့အတူ ဖော်ဆောင်ထားသော City Loft


Myanmar real estate news ရန်ကုန်မြို့က လူလတ်တန်းစားဈေးကွက်အတွက် ရည်ရွယ်ပြီး သန်လျင်မြို့မှာဆောက်လုပ်မယ့်City Loft စီမံကိန်းက အိမ်ခန်းတွေကိုYoma Land ကုမ္ပဏီက တရားဝင်စတင်ရောင်းချနေပြီဖြစ်ပါတယ်။

ဒီစီမံကိန်းကိုStar City အိမ်ရာဝင်းအတွင်းက မြေဧက၂၂ ဧကအကျယ်မှာ တည်ဆောက်မှာဖြစ်ပြီး City Loft

@ StarCity ရဲ့ ပင်မစီမံချက်ကိုA1 ဆောက်လုပ်ရေးကုမ္ပဏီက စီမံကိန်းရဲ့ အဓိကဆောက်လုပ်သူအဖြစ်ပူးပေါင်းပြီး ဆောက်လုပ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

စီမံကိန်းပထမအပိုင်းမှာရှိတဲ့ စတူဒီယိုနဲ့ အိမ်ခန်း တွေရဲ့ ဈေးနှုန်းဟာ အကျယ်အဝန်းနဲ့ အခန်းအမျိုးအစား အပေါ်မူတည်ပြီး ငွေကျပ် သိန်း ၄၂၀ မှ ကျပ်သိန်း ၁၆၀ဝ အထိရှိမှာ ဖြစ်ပါတယ်။ ဝယ်ယူသူများအနေနဲ့ စရန်ငွေ ၃၀ ရာခိုင်နှုန်းပေးသွင်းပြီး ကျန်ရှိတဲ့ ၇၀ ရာခိုင်နှုန်းကို အတိုးနှုန်း ၁၃ ရာခိုင်နှုန်းနဲ့ ၂၅ နှစ်အတွင်းမှာ ပေးသွင်း နိုင်မှာဖြစ်တယ်လို့Yoma Land က သိရပါတယ်။

စရန်ငွေအားလုံးပေးချေပြီးတာနဲ့ အိမ်ခန်းဝယ်သူဟာ စတူဒီယိုအခန်းတစ်ခန်းကို တစ်လ ငွေကျပ် လေးသိန်း အရစ်ကျပေးသွင်းရင်း အခန်းပိုင်ဆိုင်ခွင့်ရမှာ ဖြစ်ပါတယ်။အိမ်ခန်းဝယ်ယူသူတွေအတွက် မြန်မာနိုင်ငံဗဟိုဘဏ်ရဲ့ စည်းမျဉ်းနဲ့အညီ ဘဏ်တိုးနှုန်းသတ်မှတ်ပြီး ပြည်တွင်းဘဏ်တွေနဲ့ သင့်လျော်တဲ့ အိမ်ရာချေးငွေ ချေးငှားပေးရန် အစီအစဉ်လည်း ပါဝင်ပါတယ်။

စီမံကိန်းအတွက် ဆောက်လုပ်မှုတွေကို အဆင့် အလိုက်ခွဲကာ တည်ဆောက်သွားမှာဖြစ်ပြီး ပထမအဆင့် မှာ အိမ်ခန်းဝယ်သူတွေကို ၂၀၂၀ ပြည့်နှစ် ပထမလေးလပတ်မှာ စတင်အပ်နှံသွားမှာဖြစ်ပါတယ်။

City Loft @ StarCity က မြန်မာနိုင်ငံမှာ ပထမဆုံး အကြိမ်အဖြစ် စတူဒီယိုအခန်းတွေ ထည့်သွင်းတည်ဆောက် ခြင်းဖြစ်တယ်လို့Yoma Land ၏ဥက္ကဋ္ဌ ဦးသိမ်းဝေခေါ် မစ္စတာ ဆတ်ချ်ပန်းက ပြောပါတယ်။

ဒါ့ပြင် အိပ်ခန်းတစ်ခန်းကနေ သုံးခန်းအထိ ထည့်သွင်း ထားတဲ့ တိုက်ခန်းတွေလည်း စီမံကိန်းမှာ ပါဝင်ပါတယ်။ အဆိုပါအိမ်ရာစီမံကိန်းမှာ နေထိုင်သူတွေရရှိမယ့်ဝန်ဆောင်မှုတွေကတော့ စတူဒီယိုအခန်းတွေနဲ့ အိမ်ခန်း တွေအားလုံးအတွက် လုံခြုံရေးစနစ်အပြင် ရေကူးကန်၊ အားကစားရုံ၊ ပန်းခြံနဲ့ ဈေးဝယ်ပလာဇာတို့အပြင် ဝိုင်ဘီ အက်စ် ယာဉ်ရပ်နားစခန်းနဲ့ ရေကြောင်းသွားလာရေး အတွက် ဆိပ်ခံတံတားလည်း ပါရှိမှာဖြစ်ပါတယ်။

"သန်လျင်တံတားအသစ်ကနေ ဆင်းလာတဲ့အချိန်မှာ ပထမဆုံးထွက်ပေါက်က စတားစီးတီးပဲ ဖြစ်ပါတယ်။မကြာခင် ဆိပ်ခံတံတားကို စဆောက်မယ်။ စတားဖယ်ရီ တစ်ခုလုပ်သွားဖို့လည်း ရည်ရွယ်ချက်ရှိပါတယ်။ စတားစီးတီးမှာနေတဲ့သူတွေ မြို့ထဲသွားရင် ၁၅ မိနစ်ပဲကြာပါတယ်။ City Loft အ အပါအဝင် စတားစီးတီးဟာ လူကြိုက်များတဲ့ စီမံကိန်းဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်" လို့ ဦးသိမ်းဝေက ပြောပါတယ်။

ဒါ့ပြင် ဆိပ်ခံတံတားတည်ဆောက်ဖို့အတွက် ခွင့်ပြုချက်ရထားပြီးဖြစ်ကာ တည်ဆာက်မယ့်နေရာ၊ နည်းပညာပိုင်း စတာတွေကို ညှိနှိုင်းနေတယ်လို့လည်း ၎င်းကပြောပါတယ်။

"စတားစီးတီးကနေ ရန်ကုန်မြို့ထဲသွားဖို့ ပန်းလှိုင်မြစ် ကနေ ပန်းဆိုးတန်းဆိပ်ကမ်းကို စတားဖယ်ရီပြေးဆွဲမယ်။ မကြာခင် စတင်တော့မှာဖြစ်ပြီး တစ်နှစ်လောက်ဆိုရင် ပြီးမှာပါ။ သင်္ဘောပြေးဆွဲတဲ့အခါ ၁၅ မိနစ်ကနေ မိနစ် ၂၀ မှာ တစ်စီးထွက်မယ်။ သင်္ဘောနှစ်စီးကနေ သုံးစီးက မရပ်ဘဲ တစ်နေ့လုံး သွားနေမှာပါ"လို့ ဦးသိမ်းဝေက ပြောပါတယ်။

ရန်ကုန်မြို့က အဆောက်အအုံတွေနဲ့ ပြည့်နေပြီဖြစ်ပြီးတော့ မြေဧရိယာတိုးချဲ့ဖို့ မဖြစ်မနေလိုအပ်လာတဲ့ အနေ အထားမှာရှိပါတယ်။ လက်ရှိ သန်လျင်မြို့မှာ လမ်းတွေ ပြုပြင်တိုးချဲ့တာတွေအပြင် တခြား အခြေခံအဆောက် အအုံတိုးချဲ့တာတွေလည်း လုပ်ဆောင်နေပါတယ်။ ဒါ့ပြင် သန်လျင်မြို့မှာ သီလဝါ စီးပွားရေးဆိပ်ကမ်းနဲ့ သီလဝါစက်မှုဇုန်ရှိတဲ့အပြင် သန်လျင်မြို့ရဲ့ဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်လာစေမယ့် သန်လျင်တံတား တည်ဆောက်မှုကလည်း မကြာခင် စတင်တော့မှာဖြစ်ပါတယ်။

ဒါ့ကြောင့် သန်လျင်မြို့ဟာ ဖွံ့ဖြိုးမှုအတွက် အလား အလာအများကြီးရှိကြောင်းနဲ့ တံတားထပ်မံတည်ဆောက် ပြီးတဲ့နောက်မှာ သန်လျင်ရဲ့ တိုးတက်မှုဟာ ပြောင်းလဲ သွားမယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက မျှော်လင့်နေကြပါတယ်။

လက်ရှိအချိန်မှာ ပဲခူးမြစ်ကူးတံတား၊ သန်လျင်တံတား အမှတ်(၃)အတွက် ဒီဇိုင်းရေးဆွဲနေပြီးတော့ အတည်ပြုဖို့ ဆောင်ရွက်နေတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနက သိရပါတယ်။ လက်ရှိအသုံးပြုနေတဲ့ သန်လျင်တံတားအမှတ်(၁)ရဲ့ အောက်ဘက်အခြမ်း၊ ၁၂၅ မီတာ အကွာအဝေးမှာ ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ်(၃)ကို တည်ဆောက်သွားမှာ ဖြစ်ပါတယ်။

အဆိုပါစီမံကိန်းကို အတိုးနှုန်းသက်သာတဲ့ ဂျပန်ချေး ငွေ (ODA ချေးငွေ) နဲ့ တည်ဆောက်သွားမှာဖြစ်ပါတယ်။ ပင်မတံတား စုစုပေါင်းအရှည်က ၁၉၂၈ မီတာရှိတဲ့ သံမဏိကြိုးဆိုင်းတံတားဖြစ်ပြီးတော့ ရန်ကုန်ဘက်ခြမ်း၊ သာကေတမြို့နယ်နဲ့ သန်လျင်ဘက်ခြမ်း၊ သန်လျင်ကို ဆက်သွယ်ပေးမယ့်တံတားဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ဒေသတွင်းနိုင်ငံများနဲ့ ဆက်စပ်ဆောင်ရွက်နိုင်မှုအပေါ် များစွာမူတည်နေကြောင်း၊ သီလဝါအထူးစီးပွားရေးဇုန်ကနေ အရှေ့အနောက် စီးပွားရေးစင်္ကြံလမ်းမကြီးကတစ်ဆင့် အာဆီယံနိုင်ငံများကို တိုက်ရိုက် ကူးသန်းသွားလာနိုင်မှာဖြစ်တဲ့အတွက် သန်လျင်တံတားအမှတ်(၃)ဟာ နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးမှု အတွက် အရေးပါမှာဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က လွှတ်တော်မှာ ဆွေးနွေးခဲ့ပါတယ်။ 



Ref: Myanmar Times News