မြန်မာ အိမ်ခြံမြေ အကျိုးဆောင် နှင့်ဆက်စပ်သော သတင်း

စနစ်မကျသေးတဲ့ ရန်ကုန်မြို့ပြနဲ့ အနာဂတ် စမတ်စီးတီး


Myanmar real estate news ရန်ကုန်မြို့ကြီးကို မြို့ပြအမွေအနှစ်တွေနဲ့ စိမ်းလန်းပြီး နေချင်စဖွယ်ဖြစ်တဲ့ စီးပွားရေးမြို့တော်ကြီးဖြစ်အောင် လုပ်မယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရက ရည်ရွယ်ချက် ချထားပါတယ်။

ဒါပေမဲ့ ရန်ကုန်မြို့မှာ နေထိုင်သူလူဦးရေနဲ့ အဆောက် အအုံတွေ တိုးတက်လာပေမဲ့ မြို့ပြစီမံကိန်းမရှိသေးပါဘူး။ လက်ရှိမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေနဲ့ ရန်ကုန်မြို့ကို နေချင်စဖွယ်ဖြစ်ပြီး စီးပွားရေးတိုးတက်တဲ့ ဆိပ်ကမ်းမြို့ကြီးတစ်မြို့ဖြစ်အောင် ကြိုးစားသွားဖို့ ရှိနေပါတယ်။

လက်ရှိမှာ ရန်ကုန်မြို့ရဲ့Master Plan ကို ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) နဲ့ အစိုးရအဖွဲ့တို့ ပူးပေါင်းကာ ၂၀၄၀ ပြည့်နှစ် အထိ ရေးဆွဲထားပြီးဖြစ်ပါတယ်။

ရန်ကုန်မြို့ဟောင်းကိုကြည့်မယ်ဆိုရင်တော့ ရန်ကုန်မြို့လယ်နေရာတွေကိုသာ လေးထောင့်ကွက်အတိုင်းအကောင်အထည်ဖော်ထားပြီး မြို့ကိုစနစ်တကျ တည် ဆောက်ထားခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

"ရန်ကုန်မြို့ပြဟာ ဦးထောင်ဘိုအဝိုင်း ရောက်တာနဲ့ စနစ်တကျမဟုတ်တော့ဘူး။ ရန်ကုန်က အခြေခံအဆောက်အအုံတွေတည်ဆောက်ပြီး စနစ်တကျ မြို့ပြစီမံကိန်းတွေနဲ့ ဖွံ့ဖြိုးတိုးတက်ခဲ့တာမဟုတ်ဘူး"လို့ ဦးဖြိုးမင်းသိန်းကပြောပါတယ်။

အာဆီယံဒေသတွင်းနိုင်ငံတွေရဲ့ မြို့ပေါင်း ၂၆ မြို့ထဲကနေ စမတ်စီးတီးအဖြစ် အလားအလာအကောင်းဆုံးအဖြစ်ရှိနေတဲ့မြို့ ၁၀ မြို့ကိုCIO Asia.com ရဲ့ အွန်လိုင်းအယ်ဒီတာCristina Lagou က သုတေသနပြုလုပ်ပြီး ပြီးခဲ့တဲ့လက ထုတ်ပြန်ဖော်ပြခဲ့ပါတယ်။

အဲဒီထဲမှာ ဗီယက်နမ်နိုင်ငံက ဟနွိုင်းနဲ့ ဒါနန်း၊ စင်ကာပူ၊အင်ဒိုနီးရှားနိုင်ငံက ဂျကာတာနဲ့ မကာဆာ၊ မလေးရှားနိုင်ငံက ကွာလာလမ်ပူ၊ ထိုင်းနိုင်ငံက ဖူးခက်နဲ့ ဘန်ကောက်၊ ဖိလစ်ပိုင်နိုင်ငံက နယူးကလာ့စီးတီးတို့နဲ့အတူ မြန်မာနိုင်ငံက မန္တလေးမြို့တို့ ပါရှိပါတယ်။

"ရန်ကုန်မှာ လူဦးရေ ၇ ဒသမ ၄ သန်းလောက် ရှိပါတယ်။ မြို့နယ်တွေက အရမ်းဆက်နေပြီး စက်ဝိုင်းပုံအကြီးကြီးဖြစ်လာတယ်။ မန္တလေးမြို့မှာ လူဦးရေ ၁ ဒသမ ၈ သန်းရှိပါတယ်။ အဲဒီနေရာမှာ ရှေ့ပြေးစီမံကိန်းတစ်ခုခုကို မြို့အကျဉ်းလေးမှာ လုပ်ပြလို့ရတယ်။ ကျွန်တော်တို့ ရန်ကုန်ကျတော့ ဆိုက်သိပ်ကြီးတယ်။ မြို့နယ်စုစုပေါင်း ၄၄ မြို့နယ်လုံးက တစ်တွဲတည်းဖြစ်နေတဲ့အခြေအနေမျိုးဖြစ်နေတယ်"လို့ ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

တိုင်ပေ ကွန်ပျူတာအသင်းချုပ်ဟာ စမတ်စီးတီးတွေ အကောင်အထည်ဖော်တဲ့နေရာမှာ ကြုံတွေ့ရတဲ့ ပြဿနာတွေကို နည်းပညာတွေနဲ့ ဖြေရှင်းနိုင်ဖို့ ပူးပေါင်းပါဝင်လျက်ရှိပါတယ်။ အဆိုပါအသင်းချုပ်ဟာ အခြားနိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ၂၀၁၉ ခုနှစ် စမတ်စီးတီးထိပ်သီးဆွေးနွေးပွဲနှင့် ပြပွဲကို တိုင်ပေမှာ လာမယ့် မတ် ၂၅ ရက်မှ ၂၉ ရက်အထိ ပြုလုပ်မှာဖြစ်ပါတယ်။

စမတ်စီးတီးတစ်ခု အကောင်အထည်ဖော်နိုင်ဖို့အတွက် အစိုးရအနေနဲ့ မူဝါဒ၊ ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေ လိုအပ်သလို၊ လုပ်ငန်းရှင်တွေအနေနဲ့ကလည်း ပြဿနာတွေကို နည်းပညာတွေနဲ့ ပေါင်းစပ်ဖြည့်ဆည်းပေးဖို့ လိုအပ်နေပါတယ်။ ဒါ့ပြင် သာမန်မြို့နေ ပြည်သူတွေအနေနဲ့ကလည်း စမတ်စီးတီးမှာ ဘယ်လိုနေထိုင်ရမယ်ဆို တာကို သိထားရမှာဖြစ်တယ်လို့ တိုင်ပေ ကွန်ပျူတာအသင်းချုပ်က Director General မစ္စတာ Dennis Hu က ပြောပါတယ်။

လူအများအပြားဟာ မြို့ပြပြောင်းလဲမှုရေစီးကြောင်း အရ မြို့တွေဆီ ပြောင်းရွှေ့နေထိုင်လာကြတဲ့အတွက်မြို့တွေဟာ ကြီးသထက် ကြီးလာပါတယ်။ စမတ်စီးတီး စီမံခန့်ခွဲမှုလုပ်ငန်းစဉ်က လူတွေကို ပိုမိုကောင်းမွန် အဆင်ပြေစေမှာဖြစ်ပြီးတော့ စမတ်စီးတီးတွေကိုလည်း ဖော်ဆောင်နိုင်မယ်လို့ ကွန်ပျူတာအသင်းချုပ်က မျှော်မှန်းထားပါတယ်။

"စမတ်စီးတီးစီမံကိန်းရဲ့ အဓိကရည်ရွယ်ချက်က နိုင်ငံသားတွေ နေ့စဉ်ဘဝမှာ ပိုပြီးတော့ သက်သောင့်သက်သာ၊ အဆင်ပြေပြေနဲ့ သူတို့ရဲ့လုပ်အားတွေ ပိုမိုရရှိစေဖို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက မြို့တွေဟာ စိုက်ပျိုးရေးကို အများစုအခြေခံကြပြီးတော့ စမတ်နည်းပညာတွေနဲ့ စိုက်ပျိုးရေးကဏ္ဍကို ပြုပြင်နိုင်မယ်ဆိုရင် အခြေခံလူတန်းစားတွေအတွက် ပိုပြီးအကျိုးများမှာ ဖြစ်ပါတယ်"လို့ ၎င်းက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ၁၉၉၈ ခုနှစ်ကဒဂုံမြို့သစ် လေးမြို့နယ်ပေါ်လာပြီး အဲဒီမြို့နယ်တွေကအရင်က လယ်ကွက်ဟောင်းတွေမှာ အကွက်ပြန်ဖော်ထားတာဖြစ်လို့ လယ်ကန်သင်းလို၊ တာဘောင်လိုနေရာတွေကို လမ်းထုတ်ထားပြီး နေထိုင်သူတွေက လမ်းအောက်မှာ နေထိုင်ကြရတာကြောင့် မိုးရွာသွန်းတဲ့အခါ အိမ်ထဲမှာ ရေဝပ်တဲ့အခက်အခဲ ရှိခဲ့ပါတယ်။ အဲဒီမြို့သစ်တွေ တည်ထောင်တဲ့နေရာမှာ တခြားလိုအပ်ချက်တွေလည်း အများကြီးရှိခဲ့တာကြောင့် တချို့မြို့နယ်တွေက အခုချိန်ထိ ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးနိုင်သေးပါဘူး။

"ဒဂုံလေးမြို့နယ်အပြင် လှိုင်သာယာ၊ ရွှေပြည်သာပြန်လည်ဖွံ့ဖြိုးတိုးတက်အောင် ဘယ်လိုလုပ်မလဲ၊ မြို့သစ်တွေကို တည်ဆောက်မယ်ဆိုရင် တကယ့်စမတ်စီးတီးဖြစ်အောင် တည်ဆောက်မယ်။ ဒီမြို့တွေဟာ တစ်ချိန်ချိန်မှာ ပြန်ပြီးအကျိုးပြုနိုင်အောင် စဉ်းစားကြရမယ့် အချိန်ဖြစ်ပါတယ်"လို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

ရန်ကုန်မြို့ ဖွံ့ဖြိုးလာတာနဲ့အမျှ တခြားပြည်နယ်နဲ့ တိုင်းဒေသကြီးကလူတွေလည်း ရန်ကုန်ကို ရွှေ့ပြောင်းလာတဲ့အတွက် လူဦးရေ တဖြည်းဖြည်းတိုးလာပြီး ကျူးကျော်ပြဿနာတွေလည်း အများကြီးဖြစ်ခဲ့ပါတယ်။

"ကျူးကျော်တွေကို နေရာချထားဖို့အတွက် တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပကနေစပြီးတော့ ဒေါပုံဘက်တွေအထိ မြို့ကိုတည်ဆောက်ခဲ့တယ်။ ကျူးကျော်ပြဿနာတွေကို တဖြည်းဖြည်းရှင်းဖို့အတွက် မြို့ပြတွေကို တည်ဆောက်ခဲ့တယ်။ ဒါပေမဲ့ စမတ်စီးတီးတစ်ခုအတွက် ကြိုတင်ပြင်ဆင်တာမျိုးမဟုတ်ဘဲ အဆင်ပြေသလိုတည်ဆောက်ခဲ့တာဖြစ်တယ်"လို့ ဦးဖြိုးမင်းသိန်းက ပြောပါတယ်။



Ref: Myanmar Times News